Wednesday, September 29, 2010

အချိန်မကြာဘဲ ကိစ္စပြီးခြင်း ဖြေရှင်းရန်

Masters and Johnson method ခေါ် ဂျွန်ဆင်နည်းစနစ်
နူးညံ့သိမ်မွေ့ပြီး အလုပ် ရခက်ပေမယ့် တကယ် ထိရောက်တဲ့ နည်းမို့ ဦးစားပေး တင်ပြလိုက် ပါတယ်။

မိမိရဲ့ ခံစားချက်အမြင့်ဆုံး ရောက်တော့မယ့် အချိန်မတိုင်ခင် စက္ကန့် ပိုင်း အလိုမှာလာတဲ့ ဖီလင်တွေကို သေချာ အာရုံခံစားပြီင်္း မှတ်သားထားပါ (ပွင့်ပွင့်လင်းလင်း ပြောရရင် ပြီးခါနီး ဖြစ်လာတဲ့ ခံစားချက်ပေါ့)။ ဒီခံစားချက် ရအောင် အဖော်နဲ့ ပဲဖြစ်ဖြစ် တစ်ကိုယ်ရည်ပဲဖြစ်ဖြစ် လေ့ကျင့်ရင်း ရယူပါ။
အဲလို ကြိုသိလာနိုင်ပြီဆိုရင် အဲလို သိတာနဲ့ တပြိုင်နက် ရပ်ပစ်လိုက်ပြီး အနားယူလိုက်ပါ။

အဲလို လေ့ကျင့်ဖူးတာ ကြာလာပြီဆိုရင် ကြိမ်ဖန်များလာပြီဆို ပြီးချင်တဲ့ ခံစားချက် တစ်ခါပေါ်တိုင်း ပြီးပစ်လိုက်တဲ့ မထိန်းနိုင်တဲ့ အကျင့်ကို ထိန်းနိုင် လာကြပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ဒီပြဿနာက ရောဂါကြောင့် ဖြစ်တာက နည်းပြီး ခံစားမှုနောက် လိုက်မိကြလို့ ဖြစ်ပါတယ်။
ထိန်းနိုင်လာရင် သင်သဘောပေါက်လာပါလိမ့်မယ်။

သင့်ရဲ့  Point of No Return လို့ ခေါ်တဲ့ လိုသလောက်ဆွဲထားနိုင်တဲ့ ခံစားချက်ပါ ။ ဘာဆေးမှမလိုပဲ တကယ် ထိရောက်ပါတယ်။ နောက်ပြီး အောင်မြင်သွားရင်လဲ လွယ်လွယ်နဲ့ ပြီးတဲ့ အကျင့်ကို ပြန်မလုပ်ပါနဲ့ ။ပြန်ပျက်သွား တတ်တယ်။


နောက်တန်ဖိုး ရှိတာတစ်ခုပြောရရင် အဲလိုပြီးခါနီးတိုင်း တစ်ခါထိန်း နောက်တစ်ခါထပ်ထိန်းရင် ခံစားချက်က မကျသွားပဲ အရင်ပြီး တာတွေနဲ့ မတူတော့ပဲ အရမ်းမြင့်မားတဲ့ ခံစားချက်ကို ရနိုင်ပါတယ်။ Multiorgasm လို့ ခေါ်ပါတယ်။ နောက်တော့ ဆွေးနွေးပေးပါ့မယ်။ လောလောဆယ် မမြန်အောင်ပဲ လုပ်ကြဦး။ အဓိကက စိတ်ပဲဖြစ်ပါတယ်။ ပြီးချင်တာကိုပဲ ကြိုက်နေရင် မြန်မှာပဲပေါ့။ ခရီးကြာကြာဆက်ရတာ ပျော်မွေ့တဲ့ စိတ်ထားမှ တကယ် ပျော်ရတာမှန်း သဘောပေါက်အောင်လုပ်ပါ။

Kegel exercises ခေါ် ကြွက်သားလေ့ကျင့်ခန်းများ
ဒါကတော့ စအိုနဲ့ အင်္ဂါကြားက ကြွက်သားတွေ သန်စွမ်းပြီး ထိန်းနိုင်လာအောင် လုပ်ပေးတဲ့ လေ့ကျင့်ခန်းပါ။ ဆီးသွားရင်း ၀င်လေနဲ့ အတူ အောင့်လိုက်ပါ။ ၅စက္ကန့်ကနေ ၁၀ စက္ကန့်အောင့်ထားပြီး ထွက်လေနဲ့ အတူ ပြန်ပေါက်ပါ။ ဒီအတိုင်း ဆီးတစ်ခါ သွားတိုင်းမှာ အနည်းဆုံး ၃ခါရအောင်လုပ်ပါ။ အရမ်း အောင့်တက်သွားတတ်လို့  အားနဲ့ အရမ်းမလုပ်ပါနဲ့ သက်တောင့် သက်သာပဲလုပ်ပါ။

သေချာ လေ့ကျင့်သွားလို့  အသားကျ သွားချိန်မှာ ကြွက်သားတွေဟာ တကယ်မြန်မြန်မပြီးသွားအောင် ပြီးခါနီးတိုင်း ညှစ်လိုက်ရုံနဲ့ ထိန်းနိုင်လာပြီး ဒီလို သန်စွမ်းလာလို့ ပိုညှစ်နိုင်တဲ့အတွက် စိတ်ကျေနပ်မှုကို အတိုင်းဆမရှိ ရစေပါတယ်။

စိတ်ကျရောဂါကျဆေးများနှင့် ကုသခြင်း
စိတ်ကျ ရောဂါဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကို ယူပြီးကုတဲ့နည်းပါ။ စိတ်ကျဆေးတွေက သုက်လွှတ်တာ ကြာစေပါတယ်။ (ဒီဆေးတွေရဲ့ တခြား ဆိုးကျိုးတွေ များလှတာမို့ ဆရာဝန် ညွှန်ကြားချက်နဲ့ သာသောက်သင့် ပါတယ်)

ကမ္ဘာမှာ အသုံးများပြီး ထိရောက်မှုရှိတဲ့ ဆေးတစ်မျိုးကတော့ Dapoxetine ဖြစ်ပါတယ်။ အားလုံး သိချင်နေကြတဲ့ ကိစ္စမို့ အချိန်မဆိုင်းပဲ အမြန်ဖြေပေးလိုက်ရပါတယ်။လတ်တလောဖြေရှင်းနည်းတွေကော အချိန်နဲ့ အမျှ တိုးတက်လာအောင် ဖြေရှင်းနည်းတွေကိုကော သေချာဖြေပေးလိုက်ရပါတယ်။ အားလုံး အဆင်ပြေကြပါစေလို့  မျှော်လင့်ပါတယ်။ အချိန်မတန်ခင် ကျေနပ်မှုမရခင် ကိစ္စပြီးခြင်းရဲ့ အကြောင်းချင်းရာစုံကို နောက်ဆက်လက် တင်ပြပေးပါဦးမယ်။


ပုံမှာပြထားတဲ့ ဆေးဟာ ဗိုင်ရာဂရာလို တောင့်တင်းမှု လာစေတဲ့ ဆေးမျိုးနဲ့ Dapoxetine ပေါင်းထားတာ ဖြစ်ပါတယ်။ အာနိသင်ကတော့ အတော်လေး ကောင်းတယ်လို့ သိရပါတယ်။

 www.mmdailynews.com မှကူးယူသည်။

ထိုင်းနိုင်ငံက လိင်ပြောင်းလဲ ခွဲစိတ်မှု လုပ်ငန်း



ထိုင်းနိုင်ငံရဲ့ လိင်ခွဲစိတ်ကုသမှု လုပ်ငန်းစဉ်မှာ မိုးထက်မြင့်ကို မမမြင့်အဖြစ် ပြုလုပ်ရန် လွယ်ကူပေမယ့် နီနီဆိုတာကို ဇာနည်အဖြစ် ပြောင်းလဲဖို့တော့ အလွန်မှ ခက်ခဲပါတယ်။
ဆိုလိုတဲ့ အဓိပ္ပါယ်က အမျိုးသား တစ်ယောက်ကို အမျိုးသမီး တယောက်အဖြစ် ပြောင်းလဲ ခွဲစိတ်ဖို့ရန် လွယ်ကူပေမယ့်လို့ အမျိုးသမီး တယောက်ကို အမျိုးသား တယောက်နဲ့ တူအောင် ခွဲစိတ်ကုသဖို့ ကတော့ အင်မတန်မှကို ခက်ခဲလှတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ခွဲစိတ်ကုသမှု ကုန်ကျစရိတ်ကလည်း အမျိုးသား ကနေ အမျိုးသမီး ပြောင်းတာထက် ပိုပြီးတော့ တစ်ဆထက်တပိုး ဈေးနှုန်း မြင့်မားလှတယ်လို့ ဆိုပါတယ်။
အမျိုးသား တယောက် အမျိုးသမီးအဖြစ် ပြောင်းလဲ ခွဲစိတ်ဖို့အတွက် ဒေါ်လာ တစ်ထောင် နှစ်ထောင်နဲ့ ခွဲစိတ်လို့ ရနိုင်ပေမယ့် အမျိုးသမီး တယောက် အမျိုးသား အဖြစ်ကို ပြောင်းလဲ ခွဲစိတ်မယ် ဆိုရင်တော့ တစ်လက်မစာ ခွဲစိတ်မယ်ဆိုရင်တောင် ဒေါ်လာ တစ်သောင်းနှစ်ထောင်လောက် ကုန်ကျနိုင်တယ်လို့ ထိုင်းနိုင်ငံရဲ့ အောင်မြင်ကျော်ကြားဆုံးသော လိင်ပြောင်းလဲခွဲစိတ်ကုသမှု လောကမှာ နာမည်ကြီးတဲ့ ခွဲစိတ်ဆရာကြီးက အခုလို ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တစ်လက်မစာ ခွဲစိတ်ဖို့အတွက် ငွေကြေးအမြောက်အမြား ကုန်ကျခံရသလို တစ်ဖက်ကလည်း နာကျင်မှု ဝေဒနာက တစ်ဆထက်တပိုး တိုးမြင့်လာတာပဲ အဖတ်တင်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟာ လိင်ပြောင်းလဲ ခွဲစိတ်မှုနဲ့ ပတ်သက်လို့ ကမ္ဘာမှာ အောင်မြင်ကျော်ကြား ထင်ရှားတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ကြော်ငြာမှု အားကောင်းသလို စာနယ်ဇင်းသမားတွေကို သူ့ရဲ့ လိင်ပြောင်းလဲခွဲစိတ်မှုနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေကို ရေးချင်စဖွယ် ဖြစ်လာအောင် ဆွဲဆောင်နိုင်စွမ်းလည်း ရှိနေတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ လိင်ပြောင်းလဲ ခွဲစိတ်ဖို့အတွက် လာရောက်ကြတဲ့သူတွေ အများစုထဲမှာ အမေရိကန်၊ သြစတြီးယား၊ ဥရောပ၊ တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားနှင့် အရှေ့လယ်ပိုင်းဒေသတွေက လာကြတဲ့သူတွေ များတယ်လို့ ဆိုပါတယ်။
အဲဒီလူတွေထဲမှာ အများစုကတော့ အမျိုးသားကနေပြီး အမျိုးသမီးဖက်ကို ပြောင်းလဲခွဲစိတ်ကြတာ များပါတယ်။ အမျိုးသားလိင်တန်ကို မိန်းမယောနိဝအဖြစ် ပြောင်းလဲခွဲစိတ် ဖို့ရန်အတွက် လွယ်ကူပေမယ့်လို့ ယောနိဝကနေပြီး ရွှေပန်းတစ်ခု ထောင်လာဖို့အတွက်ကတော့ အလွန်အင်မတန်မှ ခက်ခဲလှတယ်လို့ ဒေါက်တာ ပရီချာ ချီရာဝါထရိုနွန်က ပြောပါတယ်။
ဆက်လက်ပြီး ဒေါက်တာ ပရီချာက “ကျနော့် ဘ၀မှာ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးဆယ်အတွင်း လူပေါင်း သုံးထောင့်ငါးရာကျော်ကို ခွဲစိတ်ကုသ ပေးခဲ့ဖူးပါတယ်”လို့လည်း သူမရဲ့ အတွေ့အကြုံကို ပြောဆိုခဲ့ပါတယ်။
ဒေါက်တာပရီချာဟာ white-walled Preecha Aesthetic Institute http://www.pai.co.th လို့ခေါ်တဲ့ လိင်ပြောင်းလဲခွဲစိတ်မှု ဌာနတစ်ခုကို ဘန်ကောက်မြို့မှာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
များမကြာမှီကပဲ ထိုင်းအစိုးရက လိင်ပြောင်းလဲခွဲစိတ်မှုနဲ့ ပတ်သက်တဲ့ ဥပဒေအသစ် တစ်ခုကို ပြဌာန်းလိုက်ပါတယ်။ အဲဒါကတော့ လိင်ပြောင်းလဲခွဲစိတ်မယ့် သူတွေအနေနဲ့ အနည်းဆုံး မခွဲစိတ်မှီ တစ်နှစ် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင်ရမယ်ဆိုတဲ့ ဥပဒေပဲ ဖြစ်ပါတယ်။
ဒေါက်တာပရီချာကတော့ သူ့ရဲ့ ဖောက်သည် ထိုင်းနိုင်ငံသားတွေကိုတော့ မခွဲစိတ်မှီ တစ်နှစ်ကြိုတင်ပြီး ဆရာဝန်တွေရဲ့ ခွင့်ပြုချက်ပါတဲ့ လက်မှတ်ကို ယူဆောင်လာဖို့အတွက် အမြဲတမ်း အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
အမျိုးသားကနေ အမျိုးသမီးအဖြစ် ပြောင်းလဲခွဲစိတ်လိုက်တဲ့ သူတွေဟာ ခွဲစိတ်ပြီးလို့ လေး ငါးလ အကြာမှာတော့ သာမန်အမျိုးသမီးတွေလိုပဲ ကာမစပ်ယှက်မှုကို ပြုလုပ်နိုင်ကြသလို ကာမဂုဏ် ဇာတ်သိမ်းခန်း အထွတ်အထိပ်ကိုလည်း ခံစားနိုင်ကြတာ ဖြစ်တယ်လို့ ပြောပြပါတယ်။
“ကျနော့်ဆီမှာ လာခွဲစိတ်ကြတဲ့ လူတွေရဲ့ ၈၀ရာခိုင်နှုန်းကတော့ အမျိုးသားတွေပါ။ အဲဒီအမျိုးသားတွေက အမျိုးသား အချင်းချင်း လိင်ဆက်ဆံခဲ့ဖူးတဲ့ သူတွေချည်းပါ။ ကျန်တဲ့ ၂၀ရာခိုင်းနှုန်းတွေက Lesbian တွေပါ။ ပြီးတော့ ကျမဆီမှာ လာခွဲစိတ်ကြတဲ့ ယောက်ျားတွေ အတော်များများ ၈၀ရာခိုင်နှုန်းလောက်ကတော့ လိင်ဆက်ဆံတဲ့အခါမှာ ဇာတ်သိမ်းခန်း အထွတ်အထိပ် အရသာကို ရရှိကြတယ်လို့ ဆိုပါတယ်”လို့ ဒေါက်တာ ပရီချာက ပြောပြပါတယ်။
သူ့ရဲ့ ထပ်လောင်းပြောဆိုချက်အရ အမျိုးသားကနေ အမျိုးသမီးကို ခွဲစိတ်ထားတဲ့သူတွေ လိင်ခံစားမှု အထွတ်အထိပ်ကို ရဖို့အတွက်ဆိုတာ အကြိုးအကြောင်း အခြေအနေ အရပ်ရပ်ပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။
တကယ်လို့ အဲဒီခွဲစိတ်ထားတဲ့သူဟာ အသက်ငယ်မယ် ပြီးတော့ သူ့ရဲ့အဖော်ကလည်း စိတ်ရှည်တဲ့သူ သူ့ကို ကောင်းကောင်း နူးနှပ်ချော့မြူ ပေးနိုင်တဲ့သူ ဆိုရင်တော့ လိင်ခံစားမှု အထွပ်အထိပ်ကို ရရှိတာလွယ်ကူမှာဖြစ်ပြီး တကယ်လို့ ခွဲစိတ်ထားတဲ့သူဟာ အသက်လည်းကြီးနေမယ် ဒါမှမဟုတ် သွေးချိုရောဂါသည် ဒါမှမဟုတ် မဟိုမုန်းဆေးတွေကို လွန်လွန်ကျူးကျူး သုံးစွဲထားတဲ့သူ ဆိုရင်တော့ လိင်ခံစားမှု အထွပ်အထိပ်ကို ရရှိဖို့ အလွန်ပဲနှေးကွေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အမျိုးသမီးကနေ အမျိုးသားကို ပြောင်းလဲဖို့အတွက် ဘာကြောင့် အရမ်းခက်ခဲရတယ် ဆိုတာကိုတော့ သူ့ရဲ့ကွန်ပျူတာ စကင်ပေါ်က ရုပ်ပုံတွေနဲ့ အတူတကွ ဒေါက်တာ ပရီချာက အခုလို စိတ်ရှည်လက်ရှည် ရှင်းပြပါတယ်။
ဘယ်နေရာမှာ ခက်ခဲရသလဲ ဆိုရင်တော့ လိင်အင်္ဂါပြုလုပ်ရတဲ့ နေရာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို ခွဲစိတ်ရာမှာ သာမန်ယောက်ျားလေးတယောက်ရဲ့ လိင်အင်္ဂါအရွယ်အစားကို ရရှိဖို့ရန်အတွက် အလွန်အင်မတန်မှ ခက်ခဲတဲ့အတွက် ခွဲစိတ်ပေးတဲ့ ဌာနတွေက တတ်နိုင်သလောက် တစ်လက်မအရွယ် လိင်တံအရွယ်ကိုသာ ရယူကြဖို့ရန်အတွက် ဖောက်သည်တွေကို ခက်ခက်ခဲခဲ စည်းရုံးသိမ်းသွင်းရတယ်လို့ ဆိုပါတယ်။
“ရှည်လျားတဲ့ လိင်တံတစ်ခု ရရှိဖို့ဆိုတာ ကြီးမားတဲ့ ခွဲစိတ်မှုတွေကို ပြုလုပ်ရတာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အသားပိုတစ်ခုကို တည်ထွင်ရတာ ဖြစ်တဲ့အတွက်ကြောင့် ခွဲစိတ်မှု ခံယူနေတဲ့သူရဲ့ တခြားခန္ဓာကိုယ် အစိတ်အပိုင်းထဲက အသားတွေကို အမြောက်အမြား အသုံးပြုရတာ ဖြစ်ပါတယ်။ ဆိုတော့ တဖက်မှာ ဘာဖြစ်လာသလဲဆိုရင် ကြီးမားတဲ့ ခွဲစိတ်မှု ပြုလုပ်ရတဲ့ အတွက်ကြောင့် မြင်မကောင်းနိုင်လောက်အောင်အထိဖြစ်တဲ့ အမာရွတ်တွေက သူ့ခန္ဓာကိုယ်မှာ စွဲထင်နေတော့မှာ ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ အမျိုးသမီးကနေ အမျိုးသားကို ပြောင်းလဲခွဲစိတ်ကြတဲ့သူတွေ အများစုက လိင်တံသေးသေးလေးကိုသာ ပြုလုပ်ပေးဖို့ တောင်းဆိုကြတော့တာ ဖြစ်ပါတယ်။ ကျမတို့က သူ့ရဲ့ ခလိုင်တိုးရစ်စ် (လိင်ရသကို နှိုးဆွပေးတဲ့ အင်္ဂါ) ကို လိင်တံတစ်ခုနဲ့ တူလာအောင် အသားစားထိုးပြီး ခွဲစိတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ခလိုင်တိုးရစ်စ်ကို တစ်လက်မအရွယ်ရှိတဲ့ လိင်တံသေးသေးလေး တစ်ခုဖြစ်အောင် ပြုလုပ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီလိင်တံက ထောင်နိုင် မတ်နိုင်သလို တကိုယ်ရေ အာသာဖြေလို့လည်း ရပါတယ်။ ဒါပေမယ့်လို့ တစ်လက်မပဲ ရှိတဲ့အတွက်ကြောင့်မို့ ဘယ်လိုနည်းနဲ့မှ မိန်းမကိုယ်ထဲကို ၀င်အောင် ထိုးသွင်းလို့တော့ မရနိုင်ပါဘူး။ ဒါပေမယ့် အခုလိုမျိုး တစ်လမအရွယ် လိင်အင်္ဂါ ရယူလိုက်တဲ့ အားသာချက်က အမာရွတ်တွေ ဘာမှ မထင်ကျန်ခဲ့ပါဘူး။ တကယ်တော့ ကျမတို့က ခြောက်လက်မလိုချင်လား ကိုးလက်မလိုချင်လား ကြိုက်တဲ့ဆိုဒ် လုပ်ပေးလို့ရပါတယ်။ ဒါပေမယ့် အသားတွေ အရမ်းလိုတယ်လေ။ ဆိုတော့ အရမ်းတောင်းဆိုလာတဲ့ ဖောက်သည်တွေကို ဆိုရင်တော့ တတ်နိုင်ဆုံး ကျမတို့က လေးလက်မအထိ လုပ်ပေးတာ များပါတယ်။ လေးလက်မဆိုရင်တော့ မိန်းမကိုယ်ထဲကို ထိုးသွင်းဆက်ဆံလို့ ရနိုင်ပါပြီ။ ဒါပေမယ့် သူ့ခန္ဓာကိုယ်မှာတော့ အထင်းကရ အမာရွတ်ကြီးက ရှိနေပြီဆိုတာ အသေချာပါပဲ”လို့ ဒေါက်တာပရီချာက အခုလို ရှင်းပြသွားပါတယ်။
အဲဒီလိင်တံလိုချင်တဲ့ အမျိုးသမီးတွေထဲမှာ ဂျပန်အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ဘာဖြစ်လို့ ဂျပန်အမျိုးသမီးတွေက လိင်တံလိုချင်ရတာလဲလို့ မေးကြည့်တော့ သူတို့က အမျိုးသားပါလို့ ပြောတဲ့အချိန်မှာ မယုံသင်္ကာ အမှုတွေကြောင့် ထုတ်ဖော်ပြရတဲ့ အခြေအနေတွေ ရှိပါတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အမျိုးသား ဖြစ်သွားပြီဆိုရင် အလုပ်ရဖို့ လွယ်ကူသလို ရာထူးတိုးဖို့ကလည်း အင်မတန်မှ လွယ်ကူတယ်လို့ ဆိုပါတယ်။ တချို့ကတော့ လိင်ဖျော်ဖြေရေး ဈေးကွက်တွေမှာ စိတ်ဝင်စားဖွယ် ပြသနိုင်ဖို့ရန်အတွက်လို့ ဆိုပါတယ်။
အမျိုးသမီးတယောက်ကို အမျိုးသားအဖြစ် ခွဲစိတ်ရတဲ့ နေရာမှာ အခက်ခဲဆုံးက အဲဒီ ခရိုင်တိုးရစ်စ်ကို လိင်တံဖြစ်အောင် လုပ်ရတဲ့နေရာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လိင်အရသာကို ခံစားရဖို့အတွက် ခရိုင်တိုးရစ်စ်ကိုလည်း ထိမိအောင် လိင်တံလည်း ထွက်လာအောင် ပြုလုပ်ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ဒါပေမယ့် လိင်တံကတော့ ပွတ်သတ်လိုက်ရင် ထောင်တက်လာနိုင်ပေမယ့်လို့ ဘာခံစားမှု အရသာကိုမှ မပေးစွမ်းနိုင်ပါဘူး။ တကယ်လို့ မိန်းမကိုယ်ထဲကို ထိုးသွင်းချင်တယ် ဆိုရင်တောင် ဆီလီကွန်အစားထိုး ခွဲစိတ်ပေးရတာ ဖြစ်ပါတယ်။
အမျိုးသားတယောက်ကနေ အမျိုးသမီးတယောက်ကို ခွဲစိတ်ရတာဟာ အင်မတန်မှ လွယ်ကူရိုးရှင်းလှပါတယ်။ လိုတိုရှင်းပြောရရင် လမ်းဖြောင့်ကြီးတစ်ခုပေါ် သွားရတာနဲ့ တူပါတယ်။ နှစ်ပတ်အတွင်းမှာ အပြီးအသတ် ခွဲစိတ်ကုသလို့ ရပါတယ်။ အဲဒီနောက်မှာတော့ အမျိုးသမီး စစ်စစ်တယောက်အသွင် ဖြစ်လို့လာပြီဖြစ်သလို ခြောက်ပတ်မြောက်မှာတော့ လိင်စတင် ဆက်ဆံလို့ရပါပြီ။
အမျိုးသမီးတယောက်ကနေ အမျိုးသားတယောက်အဖြစ်ကို ခွဲစိတ်ရာမှာတော့ အနာဂတ်မှာ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်တွေကို ကြိုတွေးပြီး တဆင့်ခြင်းစီ တဖြည်းဖြည်းနဲ့ သွားရတာ ဖြစ်ပါတယ်။
ဥပမာ - သူလက်ရှိခွဲစိတ်ထားတဲ့ လိင်အင်္ဂါနှင့်ပင် ကျေနပ်တင်းတိမ်မှု မရှိဘူးလို့ သူ့ရဲ့အဖော်က ပြောလာတဲ့အခါမှာ နောက်ထပ်တဆင့် ထပ်မံခွဲစိတ်ရပြန်တာ ဖြစ်ပါတယ်။
အဲဒီအပြင် လိင်တံကနေတဆင့် ကြင်ငယ်စွန့်နိုင်ဖို့ဆိုတာ အင်မတန်မှ ပြုလုပ်ရခက်ခဲတဲ့ လုပ်ငန်းစဉ် တစ်ရပ်လို့လည်း ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အမျိုးသမီးတွေ ကြင်ငယ်စွန့်တဲ့ အပေါက်က အမှန်တော့ အရေပြားထိပ်ကလေးမှာတင် ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် လိင်တံကနေတဆင့် ကြင်ငယ်စွန့်လို့ရအောင် လုပ်မယ်ဆိုရင်တော့ လမ်းကြောင်း အရှည်ကြီးဖြစ်အောင် ခွဲစိတ်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆိုတော့ကာ အဲဒီဆီးလမ်းကြောင်းကို ပြုလုပ်ခွဲစိတ်ရတဲ့ အချိန်မှာ အမျိုးသမီးအတွက် အလွန်အင်မတန်မှ အန္တရာယ်ကြီးမားသလို နာကျင်ခက်ခဲမှုတွေကို ဖြစ်စေပါတယ်။ တကယ်လို့သာ ထိုင်းနိုင်ငံမှာ ရှိနေမယ်ဆိုရင်တော့ အဲဒီလိင်တံ တစ်စုံတစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ခွဲစိတ်ပြုပြင်ရတာ လွယ်ကူပေမယ့်လို့ ထိုင်းနိုင်ငံရဲ့ ပြင်ပမှာဆိုရင်တော့ ဘယ်လိုမှ ပြန်လည်ခွဲစိတ်ကုသလို့ ရတော့မှ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် တခြားနိုင်ငံမှာ ဒီလိုခွဲစိတ်မှုမျိုးကို ပြုလုပ်ပေးတာ အလွန်အင်မတန်မှ နည်းပါးတဲ့အတွက် ဖြစ်ပါတယ်။
ဒေါက်တာ ပရီချာဟာ သူ့ဆီရောက်လာတဲ့ အမျိုးသမီး ဖောက်သည်တွေကို လိင်တံတစ်လက်မအတွက် ဒေါ်လာတစ်သောင်းနှစ်ထောင် ယူတာဖြစ်ပြီး ဒီထက်ပိုရှည်ချင်တယ် ဆိုရင်တော့ ဒေါ်လာနှစ်သောင်းအထက်ကို ယူတယ်လို့ ဆိုပါတယ်။
အမျိုးသမီးဖက် ပြောင်းချင်တဲ့ အမျိုးသားတွေကိုတော့ ဒေါ်လာကိုးထောင်ကနေပြီးတော့ ပိုပြီး အမျိုးသမီးနဲ့ ချွတ်စွတ်တူချင်တယ် ဆိုရင်တော့ ဒေါ်လာနှစ်သောင်းအထိ ယူတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ ညှိယူလို့ ရတယ်လို့လည်း ဆိုပြန်ပါတယ်။
အခုချိန်ခါမှာ အရေးပြားခွဲစိတ်ကုသတဲ့ နည်းပညာဟာ အလွန်အင်မတန်မှ ခေတ်စားလာတဲ့အတွက် နှာခေါင်းခွဲစိတ်ချင်တဲ့သူတွေ၊ မျက်ခုံး မျက်ရစ် ခွဲစိတ်ချင်တဲ့သူတွေ၊ အဲဒီအပြင် တခြား အလှအပရေးနဲ့ ပတ်သက်လို့ ခွဲစိတ်ချင်တဲ့သူတွေ များပြားလွန်းတဲ့ အတွက်ကြောင့်မို့ နောက်ထပ် ဆေးခန်းခွဲတစ်ခုကို ဗီယာနမ်နိုင်ငံ ဟန်နွိုင်းမြို့တော်မှာ ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ ဒေါက်တာ ပရီချာက ဆိုပါတယ်။
အသက် ၂၉နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့က မော်နီကာ ဝေ့စ်ကတော့ “အခုဆိုရင် ကျမလိင်တံ ဖြတ်ထုတ်ဖို့ တစ်ခုပဲ ကျန်တော့တယ်။ ထိုင်းနိုင်ငံမှာ အခုလိုခွဲစိတ်ရတာ ဈေးနှုန်းအရမ်းသက်သာတာပဲ။ အမေရိကန်မှာ ခွဲစိတ်လို့ ကုန်ကျငွေ သုံးပုံ တစ်ပုံလောက်ပဲ ကုန်ကျတယ်။ အခုဆိုရင် စုစုပေါင်းကုန်ကျတာမှ ဒေါ်လာ တစ်သောင်း ခုနှစ်ရာပဲ ကုန်ကျတာဆိုတော့ မသက်သာဘူးလား ဈေးနှုန်းက။ ကျမ ဆန်ဖရန်စစ္စကိုမှာ ဟိုမုန်းဆေးတွေကို ပဲကြီးလှော်ဝါးသလို ၁၁နှစ်လုံးလုံး စားလာခဲ့ရတယ်။ ဒါပေမယ့် ဒီနေ့အထိ ဘယ်သူမှ ကျမကို အမျိုးသမီးတယောက်လို မသတ်မှတ်ဘူး။ ကျမကို ကိုကိုလို့ပဲ တပ်ခေါ်ကြတယ်။ အဲဒါတွေကို ကျမမုန်းတယ်။ ကဲ အခုတော့ ကျမပြောင်းလိုက်ပြီ။ သူတို့ ကျမကို ဘယ်လိုခေါ်လာမလဲဆိုတာ စောင့်ကြည့်ကြသေးတာပေါ့”လို့ ၀မ်းသာအားရ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အမျိုးသားတယောက်အတွက် မိန်းမကိုယ်ဖန်တီးရာမှာ ဈေးနှုန်း နှစ်မျိုးနှစ်စား ရှိတယ်လို့လည်း သိရပါတယ်။ ဒေါ်လာ ၈ထောင်တန် လိင်ဆက်ဆံလို့ရတဲ့ မိန်းမကိုယ်နဲ့ ကိုယ့်ရဲ့ ခလုန်းတွေကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဒေါ်လာ ၂သောင်းတန် မိန်းမကိုယ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
မော်နီကာ ကတော့ ၂သောင်းတန် မိန်းမကိုယ်ကို ခွဲစိတ်ဖို့အတွက် ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ခလုန်းနဲ့အစားထိုး ခွဲစိတ်ထားတဲ့ မိန်းမကိုယ်ဟာ မိန်းမကိုယ်စစ်စစ်နဲ့ ပိုပြီးတူသလို အရည်အသွေးကလည်း အလွန်အင်မတန်မှ ကောင်းမွန်လှတယ်လို့ ဆိုပါတယ်။ ပြီးတော့ ရေရှည်အတွက်လည်း အင်မတန်မှ အသုံးခံတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ လိင်ဆက်ဆံရတဲ့ အချိန်မှာလည်း ပိုပြီးတော့ အရသာရှိတယ်လို့ မော်နီကာက ပြောပါတယ်။
ဒါပေမယ့် အမြဲတမ်း လိင်ခံစားမှုအထွတ်အထိပ်ကို ရရှိနိုင်မယ်ဆိုတာကိုတော့ သိပ်မသေချာလှဘူးလို့ မော်နီကာလေးက တီးတိုးငြီးရှာပါတယ်။
သက်တံ့အယ်ဒီတာအဖွဲ့။ 13/September/2010
Source: http://www.irrawaddy.org

Friday, September 17, 2010

ကိလေသာမျိုးဖြုတ်နည်း

အောက်ပါစာစုများသည် http://dhammafocus.myanmarbloggers.org/ မှကူးယူထားခြင်းဖြစ်သည်။

ဦးဥတ္တမသာရ ( အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ဆရာတော် )၏




ကိလေသာ မျိုးဖြုတ်နည်း

(သို့)

မျက်စိမှိတ်မှိတ်၊ ဖွင့်ဖွင့်အချိန်ပြည့်အနတ္တ တိုက်ရိုက် တရားနှလုံးသွင်းနည်း။`(စိတ်လေ့ကျင့်ခန်း)


အကြောင်းတရားမျိုးစေ့ကြောင့် အကျိုးတရားသစ်ပင်ပေါက်သလို ကံ၊စိတ်၊ဥတု၊အာဟာရ အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်နေရတဲ့ အကျိုးတရားဖြစ်တဲ့ ဓာတ်ကြီးလေးပါးရဲ့အစုအဝေး(မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ် ဆိုတဲ့ရုပ်ဒွါရ)တွေနဲ့ မနောအကြည်တွေဟာ ဖြစ်ပြီး ပြီးချင်း(တစ်စက္ကန့်မျှမကြာသော ကာလအတွင်းမှာပင်)ချုပ်ပျောက်သွားတယ်၊ ကံ၊စိတ်၊ဥတု၊အာဟာရ အကြောင်းတရားအသစ် အသစ်တို့ဆက်ဆက်ပံ့ပိုး နေမှုကြောင့်ဒွါရအသစ် အသစ်တွေမပြတ်တရစပ် အစားပြန်ထိုးနေဖောက် ပြန်ပျက်စီးနေပြန်တယ်။ အစားထိုးလိုက်တဲ့ ဒွါရနဲ့အာရုံ တွေ့ဆုံတဲ့ အချိန်မှာ ဘာအဓိပ္ပါယ် သတ်မှတ်ချက်မှမရှိတဲ့ (ဘာမှမဟုတ်တဲ့)(သိစိတ်) သဘောလေးပေါ်လာတယ်။ပေါ်ပြီးပြီးချင်း ချုပ်သွား သော်လည်းထပ် အစားထိုး နေတဲ့ဒွါရအသစ်အသစ်တွေနဲ့အာရုံအသစ်အသစ် တွေမပြတ်တရစပ်တွေ့ဆုံ နေတဲ့အတွက် ဘာအဓိပ္ပါယ် သတ်မှတ်ချက်မှ မရှိတဲ့(သိစိတ်)သဘောလေးတွေကလည်း မပြတ်တရစပ်ပေါ်နေတယ်။ ဥပမာ မျက်စိအကြည်နဲ့ မြင်စရာအာရုံနဲ့ဆုံတွေ့တဲ့ အကြောင်းကြောင့် ဘာအဓိပ္ပါယ်သတ်မှတ်ချက်မှ မရှိတဲ့(ဘာမှမဟုတ်တဲ့ သိစိတ်)သဘောလေးအကျိုးတရားအဖြစ်ပေါ်လာတယ်။ နားအကြည်နဲ့ ကြားစရာအာရုံနဲ့ တွေ့ဆုံမှုအကြောင်းကြောင့် ဘာမှမဟုတ်တဲ့ သဘောလေးပေါ်လာတယ်၊ မနောအကြည်နဲ့တွေးစရာ၊ သိစရာအာရုံတိုက်ဆိုင်မှု အကြောင်းကြောင့်လည်း ဘာမှမဟုတ်တဲ့သဘောလေးပေါ်လာတယ်။အဲ့ဒါကို မျက်စိမှာပေါ်ရင်မြင်တယ်၊ နားမှာပေါ်ရင်ကြားတယ်၊ မနောမှာပေါ်ရင် တွေးတယ်၊သိတယ်စသည်ဖြင့် သတ်မှတ်ကြတယ်။ အဲဒီသတ်မှတ်ချက်တွေ အပေါ်မှာလည်းအကောင်းအဆိုးလိုက်ခံစားကြရင် ပူလောင်ပင်ပန်းနေကြရတယ်။အဲဒါတွေကြောင့် ဘယ်အကြောင်းတရား၊အကျိုးတရား၊ဘာသတ်မှတ်ချက်အပေါ်မှာမှမမှီခိုတဲ့၊ မငြိတွယ်တဲ့၊ပြုပြင်အစားထိုး၊သတ်မှတ်နေရတဲ့ ဒုက္ခတွေကင်းနေတဲ့ထာဝရ လွတ်မြောက်မှုချမ်းသာအစစ်ကို နားမလည်နိုင်ဘဲ၊ (ရှိမှန်းတောင်မသိဘဲ) ဖြစ်နေကြရတာပါ။


(၁)စိတ်လေ့ကျင့်ခန်း ပထမအဆင့် -



သဘောသက်သက်ကိုသာလက်ခံပြီး တစ်ခုခု၊ တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊တစ်နေရာရာ ဟုလှေနံဓါးထစ်တရားသေ ဆုပ်ကိုင်ထားသောအထင်မှားအစွဲကို ဖြုတ်ခြင်း။မျက်စိမှိတ်ထိုင်နေတယ်ဆိုရင် ခါးနဲ့ခေါင်းကို မတ်မတ်ထားပါ။ တစ်ကိုယ်လုံးမှာရှိတဲ့အကြောတွေကို ကိုယ်သိသမျှ တစ်မျှင်မျှမကျန်အောင် လျှော့ထားပါ။ တကယ်မရှိတဲ့ သတ်မှတ်ချက်ပညတ်လောကထဲကနေ လွတ်မြောက်နိုင်ဖို့ အတွက် အရင်ဦးဆုံးသဘောလေး သက်သက်ကိုသာလက်ခံပြီးတစ်ခုခု၊ တစ်ယောက်ယောက်၊တစ်ချိန်ချိန်၊ တစ်နေရာရာ ဟူသော အစွဲသတ်မှတ်ချက်တွေကို စိတ်ကစွန့်လွှတ်ထားပါ။သွားလာ၊ပြောဆို၊လုပ်ကိုင်၊နေထိုင်၊စကားပြော၊စာဖတ်နေရင်း တရားနှလုံးသွင်းလို့မြင်တဲ့သဘောကထင်ရှားနေရင်လည်း ဘယ်သူ၊ ဘယ်ဝါပဲ၊ ဘာပဲ၊ညာပဲလို့ အဓိပ္ပါယ်မဖွင့်ဆိုဘဲမြင်တယ်ဆိုတဲ့ စကားပညတ် လည်းမပါစေဘဲ မြင်ရုံ သက်သက်သဘောလေး ကိုသာတိုက်ရိုက် သိနိုင်ဖို့ကြိုးစားနေပါ။ ကြားတဲ့သဘောကထင်ရှားနေရင်လည်းကြားတယ်ဆိုတဲ့ စကားလုံးပညတ်မပါစေဘဲ ကြားရုံသက်သက်သဘောလေးကိုသာ တိုက်ရိုက် သိနေပါ၊ဘယ်သူပြောတယ်၊ ငါ့ကိုပြောတယ်၊ဘာတွေ ပြောနေတယ်ဆိုတဲ့ ငါသင်၊ငါတတ်၊ငါသိတွေကို စွန့်လွှတ်ထားပါ။ဝင်လေ၊ထွက်လေကထင်ရှားနေရင်လည်းဝင်လေထွက်လေနဲ့နှာသီးဖျားနဲ့ ထိရုံသက်သက်သဘောလေးကိုသာတိုက်ရိုက်သိနေပါ။ ဝင်တယ်၊ထွက်တယ်၊ရှူတယ်၊ရှိုက်တယ်၊ထိတယ်၊ သိတယ်ဆိုတဲ့ စကားလုံး ပညတ်တွေမပါပါစေနဲ့။ အာရုံပုံရိပ်တွေ ထင်ထင်ရှားရှားပေါ်နေရင်လည်း ဘာပဲညာပဲဆိုတဲ့ ဆိုင်းဘုတ်တွေမပါစေဘဲပေါ်ရုံ သက်သက်သဘောလေးကိုသာ တိုက်ရိုက်သိနေပါ။ စိတ်အားကြီးလို့တစ်ခုခု သိတာထင်ရှားနေ (သို့) နဖူးအထက်မှာစိတ်ရောက် နေတယ်ဆိုရင်လည်း သိရုံ သက်သက်သဘောလေးကိုသာတိုက်ရိုက်သိနေပါ။ နှလုံးသားမှာဖြစ်ဖြစ်၊ ဗိုက်မှာဖြစ်ဖြစ်စိတ်ရောက်နေ တယ်ဆိုရင်လည်း လှုပ်ရုံသက်သက်သဘောလေးကိုသာ တိုက်ရိုက်သိနေပါ။ ဝေဒနာတစ်ခုခုခံစားနေရတယ်ဆိုရင်လည်းနာတယ်၊ ကျင်တယ်၊ကိုက်တယ်၊ခဲတယ်၊မူးတယ်၊မောတယ် ဆိုတဲ့စကားပညတ်တွေ မပါစေဘဲ ဖြစ်ရုံ၊ခံစားရုံ သက်သက်သဘောလေး ကိုသာတိုက်ရိုက်သိနေပါ။ သဘောလေးတစ်ခုဟာတစ်စက္ကန့်ရဲ့အပုံတစ်သိန်းပုံတစ်ပုံတောင်သက်တမ်းမရှိပါဘူး။တစ်ချိန်မှာ သဘောလေး (ဖြစ်ဆဲ စိတ်၊စေတသိက်၊ရုပ် သဘောအစုအပေါင်းတစ်စု)တစ်ခုပဲ ပေါ်ပါတယ်။ သဘောတစ်ခုက အလုပ်တစ်ခုကိုသာလုပ်ပါတယ်။ မြင်တဲ့စိတ်ကမြင်ရုံသက်သက်မျှပဲ၊ မြင်တဲ့အလုပ်တစ်ခုကိုသာ လုပ်ပြီးချုပ်သွားပါတယ်၊ကြားတဲ့စိတ်က ကြားရုံသက်သက်၊ ကြားတဲ့အလုပ်တစ်ခုကို သာလုပ်ပြီးချုပ်သွားပါတယ်။ သိတဲ့စိတ်ကသိရုံသက်သက်မျှပဲ၊ ဘာကိုမှသိတာမဟုတ်ဘဲသိတဲ့ အလုပ်တစ်ခုကိုသာလုပ်ပြီး ချုပ်သွားပါတယ်။ တာဝန်ကိုယ်စီ၊ တစ်စိတ်စီ၊ တစ်ကန့်စီပါ။ ဆွေမျိုးတော့တော်ပါတယ်။ ဒီတစ်စိတ်တည်းတော့ မဟုတ်ပါဘူး။ သဲမှုန်တွေအစုအဝေးကို သဲသောင်ပြင်ကြီး၊ သဲကန္တာရကြီး၊ရေမှုန်တွေအစုအဝေးကို တိမ်တိုက်ကြီး၊ ရေပြင်ကြီး၊ ရေခဲတုံးကြီးလို့၊ ခေါင်း၊ ကိုယ်၊ ခြေလက်အစုအဝေးကို လူလို့၊တိရစ္ဆာန်လို့၊သဘောအသစ်အသစ်(သိစိတ်) လေးတွေ မပြတ်တရစပ် အစားထိုးနေတာကို ငါ့စိတ်လို့ ဆက်စပ်ပေါင်းယူတာတွေဟာမိစ္ဆာဒိဋ္ဌိ အယူမှားပါပဲ။ တစ်ခုတစ်ယောက်တည်းမဟုတ်တာကို တစ်ခု၊တစ်ယောက်တည်းလို့ ယူတာ၊တကယ် မရှိတာကို တကယ်အရှိ လို့ယူတာ၊ဘာမှမဟုတ်တာကိုဘာပဲညာပဲဆိုပြီး အဟုတ်လုပ်တာ မိစ္စာဒိဋ္ဌိပါပဲ။ အဲဒါကြောင့်ဖြစ်ရုံ သက်သက်သဘောလေးကိုသာသိနေပြီးတခြားဘာအသိကိုမှလက်မခံပါနဲ့။ လက်ခံထားတဲ့ သဘော ပရမတ်လေး တွေကိုလည်း အတ္တစွဲနဲ့ငါ့သဘောလေး၊ ဘာသဘော၊ညာသဘော လို့မထင်(မသတ်မှတ်) လိုက်ပါနဲ့။ အာရုံနဲ့ဒွါရပေါင်းဆုံတဲ့ အကြောင်း ကြောင့်ဖြစ်ပေါ်လာတဲ့ ဘာအဓိပ္ပါယ်သတ်မှတ်ချက်မှမရှိတဲ့(ဘာမှမဟုတ်တဲ့) (သိစိတ်) သဘောအကျိုးသက်သက်ပါ၊အကြောင်း ကြောင့်ပေါ်လာတဲ့အကျိုးပဲရှိပါတယ်။ ငါ၊သူ၊ယောက်ျား၊မိန်းမ၊ယောဂီ၊လူကြီး၊ကလေး၊ ဆိုတဲ့နဂိုသညာသိ၊မှတ်သိကို စွန့်လွှတ် ထားပါ။ငါသင်၊ငါတတ်၊ ငါသိတွေဖြစ်တဲ့ဘယ်သူ၊ဘယ်ဝါဆိုတာတွေ အားလုံးကိုစွန့်လွှတ်ထားပါ။စွန့်လွှတ်ရလို့လည်း နှမျှော စရာမရှိပါဘူး။တကယ်ရှိ မဟုတ်ဘဲအထင်ရှိသက်သက်သာဖြစ်တဲ့ စိတ်ကူးထဲကအိမ်ကိုဖြိုရတာပါပဲ။ တကယ်မရှိတဲ့ အထင် (ပညတ်)လောကကနေ တကယ်ရှိတဲ့ပရမတ်လောကထဲကိုဝင်ရမှာပါ။ အခုမှဤအနတ္တတိုက်ရိုက် တရားရှုမှတ်နည်းကိုစသိ သူများအတွက်ပထမဆုံးအကြိမ်စအားထုတ်ရာမှာ စစချင်းဆယ်မိနစ်ခန့်စီ အချိန်ပေးပါ၊သဘောသက်သက်ဆိုတာကို စိတ်ထဲ ကကျေကျေနပ်နပ် လက်ခံနိုင်ပြီဆိုရင်တော့ နောက်ပိုင်းဆက်အားထုတ်ရာမှာ ဤပထမအဆင့်ကပြန်စနေစရာမလိုတော့ပါ။


(၂) စိတ်လေ့ကျင့်ခန်း ဒုတိယအဆင့် -

ဘာမှမဟုတ်ဘူးဆိုတဲ့ စကြဝဠာအနန္တလုံးဆိုင်ရာ၊ သတ္တဝါအနန္တလုံး ဆိုင်ရာ အမှန်တရား(အနတ္တ) ဥပဒေကိုအတိအကျ လက်ခံလိုက်နာပြီးသဘောပရမတ်စွဲကိုပါထပ်ဖြုတ်ခြင်း။ဘာမှမဟုတ်ဘူးဆိုတဲ့ အမှန်တရားအတိုင်းကိုယ့်မှာဖြစ်နေကျ စိတ်တွေကိုဆန့်ကျင်နေတာ၊ ဆက်ဖြစ်ခွင့် မပေးတာ လက်တွေ့လုပ်ရမယ့် ဒုတိယ အဆင့် စိတ်လေ့ကျင့်ခန်းပါပဲ။ ပထမအဆင့်မှာ လက်ခံလိုက်တဲ့သဘောပရမတ်တွေအကုန်လုံးကို (ဖြစ်သမျှ၊ သိသမျှ၊ ပြုလုပ်သမျှ၊ဖြစ်ရုံ၊ သိရုံ၊ပြုလုပ်ရုံသက်သက်ကလေး၊ တစ်စုံတစ်ခု၊တစ်ဦးတစ်ယောက်၊တစ်ချိန်ချိန်၊ တစ်နေရာရာမဟုတ်ဘူး) ဘာမှမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပါ။ အဲဒီလို ဘာမှမဟုတ်ဘူးလို့ ဆုံးဖြတ်နေတဲ့ စိတ်ကလေးကိုယ်၌ကိုကဘာမှမဟုတ်တာပါ။ တရားလုပ်ရတဲ့ ရည်ရွယ်ချက်က ငါလို့ဆုပ်ကိုင်စရာမရှိတဲ့ အမှန်တရားကို သိအောင်လုပ်ရတာပါ။ (စိတ်)သဘောတွေကိုရှိတယ်ထင်ပြီး၊ ငါစိတ်ပဲငါပဲလို့ စွဲနေတဲ့အစွ ကိုစွန့်လွှတ်ရတာပါ။ အဲဒါကြောင့် တကယ်မရှိတာကို အရှိထင်တဲ့၊ ဘာမှမဟုတ်တာကို အဟုတ်ထင်တဲ့ အမှားသိတွေကို လုံးဝလက်မခံဘဲ ဘာမှမဟုတ်တဲ့ ပရမတ်သဘာဝကြီးကိုသာ အပြီးအပိုင် ပုံအပ်ယုံကြည်လိုက်ပါ။ ဘာမှမဟုတ်တာကို နားလည်တဲ့ကိုယ်ပိုင် ဥာဏ်မရသေးခင်မှာတော့ ဆရာသမားကို ယုံကြည်တဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ်ဘာမှမဟုတ်သလို ဟန်ဆောင်နေပြီးစိတ်ထဲကနေ(သိစိတ်)သဘော လေးတွေကို ဘာမှမဟုတ်ဘူးလို့သာ တရစပ်လိုက်ရွတ်နေလိုက်ပါ။ တရားမထိုင်တဲ့အခါမှာလည်း လုပ်ရင်းကိုင်ရင်းပါတစ်နေကုန် နှလုံးသွင်းနေနိုင်ဖို့ (ကိုယ့်ကိုယ်ကို ဘာမှမဟုတ်ဘူးလို့ ခံယူပြီး ဘာမှမဟုတ်တဲ့ပရမတ် (အနတ္တ)ရှုထောင့်ဘက်ကနေ အမြဲနေတတ်ဖို့ အထိကြိုးစားရပါမယ်။ တစ်သံသရာလုံးကြည့်(သိ) လာခဲ့တဲ့အတ္တ(အမှား)ရှုထောင့်ကိုစွန့်ပြီး ဘာမှမဟုတ်တဲ့ ပရမတ်(အနတ္တ အမှန်တရား) ရှုထောင့်ဘက်ကနေဥာဏ်နဲ့ပြောင်းကြည့်(သိ)ပေးရတာပါ။ စိတ်ကနဂိုလက်ခံပေါင်းနေကျ အာရုံတွေကိုလက်ခံမပေါင်းတာပါ၊ အာရုံတွေ တင်မက၊စိတ်ကိုပါငါ့စိတ်အဖြစ် မသိမ်းပိုက်ဖို့ပါ။ ဘာမှမဟုတ်တာမှအမှန်တရား၊ ဒါဘယ်တော့မှ မပြောင်းလဲတဲ့ သစ္စာတရား၊ဒါကလွဲရင် ကျန်တာတွေ အကုန်အမှားဆိုပြီး ကိုယ့်စိတ်ထဲကိုယ် လက်ခံထားတဲ့ကျန်အမှားတွေကိုအြ<ွကင်းမဲ့ပယ်စွန့်ပြီး ဒီအမှန်တရားတစ်ခုတည်းကိုသာ အချိန်ပြည့် လက်ခံအားကိုး နိုင်ဖို့ကြိုးစားနေရမှာပါ။ စိတ်၊စေတသိက်၊ရုပ် ကိုတစ်ခုခု၊တစ်ယောက်ယောက်အဖြစ်အထင်မှား နေလို့ငါရှိတယ်၊ငါမဟုတ်တဲ့ သူရှိတယ်ထင်ပြီး ငါနဲ့သူနဲ့ရှုပ်နေတာပါ၊အမှန်တရားကစိတ်၊စေတသိက်၊ ရုပ်(ဘာမှမဟုတ်တဲ့ သဘော) သက်သက်ပဲရှိတာပါ၊ဘာမှသိစရာမရှိ၊ဘာမှတွေးနေစရာမရှိ၊ပူစရာငါမရှိ၊ သေစရာအသက်မရှိ၊ ပျက်စီးစရာ တစ်ခုခုမရှိ၊ ဒီအမှန်တရားကို လက်မခံနိုင်တဲ့ကိုယ့်ရဲ့မစင်ကြယ်တဲ့ အမှန်မသိမှုနဲ့ငြိတွယ်တပ်မက်မှု စွမ်းအင်တွေအားလုံးကို ဖြိုခွင်းပစ်ရမှာပါ။ မိဘပဲ၊သားသမီးပဲ၊ ယောဂီပဲဆိုရင် မိဘတာဝန်၊ သားသမီးတာဝန်၊ ယောဂီတာဝန်ရှိစမြဲဖြစ်ပေမယ့် ဘာမှမဟုတ်မှတော့ ဘာမှလုပ်စရာမလို၊ ဘာတာဝန်မှ မရှိပါ။ကိုယ်မှာနဂိုဖြစ်နေကျ စိတ်တွေ၊ဘာပဲညာပဲသိ တဲ့စိတ်တွေပေါ်လာရင်လည်း ဆက်ဖြစ်ခွင့်မပေးဘဲ ဆန့်ကျင်နေပါ။ အလုပ်တွေကိုကြိုးစား ဆန့်ကျင်နေခြင်းဖြင့်ကိုယ် နဂိုမထမ်းဆောင်ဖူးတဲ့ ဘာမှမဟုတ်တဲ့ အနတ္တတာဝန်ကိုကျေပွန်အောင် ကြိုးစားထမ်းဆောင်နေပါ။


(၃)တတိယအဆင့်
(အနတ္တဥာဏ်၏ မျိုးစေ့(ဖြစ်တာတွေရဲ့ ဘာမှမဟုတ်တဲ့အမှန် တရားကို သိတဲ့အသိ) ဖြစ်ပေါ်ခြင်း နှင့်ထိန်းသိမ်း စောင့်ရှောက်ခြင်း)



ကိုယ့်မှာဖြစ်နေကျ စိတ်တွေကိုဆန့်ကျင်နေတာဖြစ်ဖြစ်၊ဘာမှမဟုတ်ဘူးဆိုတာကိုသာ မပြတ်တရစပ် နှလုံးသွင်းနေပါများရင်ဖြစ်ဖြစ် ဘာမှမဟုတ်ဘူးလို့လိုက်ရွတ်နေစရာမလိုတော့ဘဲဘာမှမဟုတ်တာ(အနတ္တ) ကိုခုနှစ်ရက်အတွင်း တိုက်ရိုက်သိလာပါလိမ့်မယ်။ တစ်ခါသိရုံနဲ့ မပြီးဘဲအဲဒီဘာမှမဟုတ်တာကိုသိတဲ့စိတ်ကို မိနစ်ပိုင်းလောက်အထိဆက်ဆက်ဖြစ်အောင်ကြိုးစားဖို့လိုပြန်ပါတယ်။ ကိုယ့်စိတ်ကအကျင့်ပါနေတဲ့ လုပ်ချင်၊ကိုင်ချင်၊ တွေးချင်၊ကြံချင်၊ပြောချင်၊ ဆိုချင်စိတ်တွေ ပေါ်လာရင်လည်း မလုပ်ဘူး၊ မပြောဘူးလို့ တမင်အတ္တနဲ့ထိန်းချုပ်ထားတာမျိုးမဟုတ်ဘဲနဲ့အဲဒါတွေကိုလုပ်ကိုင်တွေးကြံချင်တဲ့စိတ်သဘောလို့ပါ သတ်မှတ်လက်ခံမနေဘဲဘာမှမဟုတ်ဘူး (အနတ္တ)လို့တိုက်ရိုက် သိသိနေနိုင်အောင် ကြိုးစားပါ၊ဘာမှမဟုတ်တာကို ဆက်ကာဆက်ကာ သိသိစပြုလာရင်အဲဒီလို ဘာမှမဟုတ်ဘူး(အနတ္တ) လို့ သိနေတာကိုလည်း ငါသိတယ်လို့လက်မခံဘဲ အနတ္တကအနတ္တကိုသိနေတယ် (သိမှုသက်သက် ကလေးပဲရှိတယ်၊သိသူမရှိဘူး) ဆိုတာကိုပါ လက်ခံနိုင်ဖို့ ဆက်ကြိုးစားပါ။ ဒီလိုဘာမှမဟုတ်တဲ့ အနတ္တ အမှန်တရားဥပဒေကို စိတ်ကလက်ခံလိုက် နာကျင့်သုံးနေတဲ့ကြားထဲက တစ်ငါငါနဲ့ လုပ်ခဲ့တဲ့ အစွဲတွေကြောင့်ဖြစ်နေကျ တွေးစိတ်၊ ပျံ့လွှင့်စိတ်၊ ငိုက်မြည်းစိတ်၊ ကိုယ့်ကိုယ်ကိုရော၊ဒီတရားတော်အပေါ်မှာရောသံသယစိတ် တွေပေါ်လာရင်လည်းဘာမှမဟုတ်မှတော့ ဘာမှဖြစ်စရာမရှိဘူးဆိုပြီး အဖြစ်ကိုလက်မခံတဲ့ စိတ်အသစ်အသစ်ကိုသာ မပြတ်ဖြစ်ခွင့်ပေးပြီး ပေါ် လာတဲ့စိတ်အစဉ်ကိုနှလုံးသားထဲမှာဆက်ဆက်ဖြစ်ခွင့်မရအောင်စိတ်စွမ်းကုန်တိုက်ဖျက်ခြင်းဖြင့်
မိမိရဲ့အနတ္တစိတ်စွမ်းအားကို တစ်ခုခု၊ တစ်ယောက်ယောက်၊တစ်ချိန်ချိန်၊တစ်နေရာရာ စသည်ဖြင့်ဘာကိုမှမသိတော့တဲ့ အဆင့်ရောက်သည်အထိ၊ (ပြုလုပ်မှု၊တစ်ခုခုသိနေမှုကင်းတဲ့ အနတ္တ စိတ်သက်သက်သာကျန်သည်အထိ)အစွမ်းကုန်တိုးမြှင့်ပေးပါ။ ဒီတတိယအဆင့်က စတုတ္ထအဆင့် အနတ္တ ဥာဏ် (ဝိပဿနာဥာဏ်) စစ်စစ်အလိုလိုမပေါ်မချင်း မပြတ်တရစပ်ဆက်တိုက် ပြုလုပ်ရမယ့်အလုပ်ပါပဲ။ ပြီးတော့ ဘယ်တရား အဆင့်ရောက်နေနေ ကိလေသာ အကြွင်းမဲ့ မပပျောက်သေး မချင်း(ကိုယ့်မှာဖြစ်နေကျစိတ်တွေ လုံးဝထပ်မဖြစ်ပေါ်တော့သည်အထိ)ထပ်ပြန်တလဲလဲ ပြုလုပ်ရမယ့်အလုပ်ပါပဲ။


(၄) စတုတ္ထအဆင့်

ဘာမှမဟုတ်ဘူးဆိုတဲ့ စကြဝဠာအနန္တလုံးဆိုင်ရာ၊သတ္တဝါအနန္တလုံးဆိုင်ရာအမှန်တရားကို နားလည်တဲ့ဥာဏ် (အနတ္တ ဝိပဿနာဥာဏ်) အစစ်ပေါ်လာခြင်း
တတိယအဆင့်အလုပ်ကို မပြတ်တရစပ် ပြုလုပ်ပါများရင် စိတ်၊စေတသိက်၊ရုပ်သဘောပရမတ်တွေရဲ့ အနတ္တ အမှန်တရားကိုသိနေတာလည်း ငါသိနေတာမဟုတ်ဘဲ အဲဒီသိတဲ့သဘောလေးကလည်းဘာမှမဟုတ်ဘူး (အနတ္တ)လို့မှန်မှန်ကန်ကန် သိသွားပြီးစတုတ္ထအဆင့် ဖြစ်တဲ့အဖြစ်ကိုမငြိတွယ်တဲ့၊မဆိုင်မှန်းသိတဲ့၊ဘာမှ(တစ်ခုခု) မဟုတ်မှန်းသိတဲ့၊ အနတ္တဥာဏ်၊ ဝိပဿနာဥာဏ်စစ်စစ်ဖြစ်လာပါမယ်။ ဒါမှအမှန်တရားဆိုပြီး စိတ်ဇွဲသန်သန်၊ ဝီရိယကြီးကြီးနဲ့ တစ်စိုက်မတ်မတ်၊တရစပ်လုပ်မှလည်း အမှန်တရားကိုနားလည်နိုင်လောက်သည်အထိ စိတ်စင်ကြယ်မှုစွမ်းအားပြည့်ဝလာပြီး စိတ်ရဲ့ ထုံးတမ်းစဉ်လာကိုပြောင်းလဲတဲ့ ဒီအလုပ်ကို အမြဲအသစ်အသစ်ဖြစ်နေတဲ့ စိတ်ကလေးသက်သက်က လုပ်တတ်စပြုလာမှာပါ၊ အနတ္တအမှန်တရား (သဘာဝတရား)အတိုင်းလုပ်တတ်၊ နေတတ်စပြုလာမှာပါ။များများ လေ့ကျင့်လေ မြန်မြန်နဲ့ပိုပို ကျွမ်းကျင် လာလေလေပါပဲ။ ဖြစ်ပျက်မြင်တယ်လို့ ပြောကြပေမယ့် ဖြစ်သဘောနဲ့ ပျက်သဘော နှစ်ခုစလုံးကို တစ်ဥာဏ် တည်းနဲ့သိနိုင်တဲ့သဘော လုံးဝမရှိပါဘူး။ ဥာဏ်ရိ နေချိန်မှာ တခြားဘာမှ ယှဉ်ဖြစ်ခွင့်မရတဲ့အတွက် အဖြစ်ကို သိနေတာဟာ အမှန်သိကို မဟုတ်ပါဘူး။စိတ်က စိတ်သက်သက်ဘက်ကသာအမှန်သိမယ်ဆိုရင်ကိုယ့်စိတ်အစဉ်မှာသိရုံသက်သက် စိတ်ရှိနေဆဲ အင်မတန် တိုတောင်းတဲ့အချိန်လေး မှာအဲဒီအသိစွမ်းအင်သက်သက်စိတ်ကလွဲလို့အခြားဘာစွမ်းအင်မှ ရှိမနေပါ ဘူး။ အဲဒီတော့ ငါစွဲ ကင်းတဲ့စင်ကြယ်တဲ့စိတ်က ဘာမှသိစရာမရှိပါဘူး။ ဖြစ်ပျက်မြင်တယ် ဆိုတဲ့ စကားပညတ်က တစ်ခုခုပျက်တာကို မြင် တယ်၊ငါမြင်တယ်ဆိုတဲ့ သဘောသက်ရောက်နေ ပါတယ်။ဝိပဿနာအမြင်မှန်က သိစရာမရှိတာ (ဘာမှမဟုတ်တာ)ကို သိကာမတ္တ(သိသူမရှိတဲ့) စိတ်ပါ။ဥာဏ်ပေါ်လာပြီးပြန်ပြန် ပျောက်သွားရင်လည်း ထုံးတမ်းစဉ်လာစိတ်ကို ဆန့်ကျင်တဲ့ဒီအလုပ်ကို မပြတ်တရစပ်ပြုလုပ်နေ ပါ၊ကိုယ့်ရဲ့တစ်ငါငါနဲ့ပြုလုပ်နေကျကာယကံ၊ဝစီကံ၊မနောကံတွေကိုလုံးဝ ထပ်ဖြစ်ခွင့်မရအောင် (သူ့သဘောသူဆောင်ပြီး သူ့အလိုလိုသာ ပြုလုပ်တဲ့၊ဖြစ်နေတဲ့၊အနတ္တစိတ် သက်သက်သာကျန်အောင်) အပြတ်တိုက်ဖျက်နေပါ။ အဲဒီအသိကိုပိုင်နိုင်ဖို့၊ကိုယ်ပိုင်ဥာဏ်စိတ်ဖြစ် ဖို့ကတတ်နိုင်သလောက် ကြာနိုင်သမျှ ကြာကြာဆက်ကာဆက်ကာဖြစ်ဖို့ လိုပြန်ပါတယ်။အရှုံးပေရမှုများ၊ စိတ်ဓာတ်ကျမှု များဘယ်လောက်ပဲ ကြုံတွေ့ရပါစေ ကိုယ့်စိတ်စွမ်းအားနဲ့ပဲဖြစ်ဖြစ်၊ ကိလေသာအောင်ပွဲခံပြီးသား ဆရာသမားရဲ့ စိတ်စွမ်းအားအကူအညီနဲ့ပဲ ဖြစ်ဖြစ် ကိလေသာကို ထပ်ပြန်တလဲလဲတန်ပြန်ထိုးစစ်ဆင်နေခြင်းအားဖြင့် ကိုယ့်စိတ်စွမ်းရည်ကို မြှင့်သထက်မြှင့်လာအောင် ဇွဲနပဲကြီးကြီး ကြိုးစား နေရမှာပါ။


(၅) ပဉ္စမအဆင့်

ပရမတ်နိဗ္ဗာန်ကိုနားလည်တဲ့ မဂ်ဥာဏ်၊ဖိုလ်ဥာဏ် ပေါ်လာခြင်း။


ဖြစ်သမျှ၊သိသမျှ၊ ပြုလုပ်သမျှသဘောတွေရဲ့ ဘာမှမဟုတ်တဲ့ အမှန်တရားကိုချည်း(အဖြစ်ကိုသိတာမဟုတ်ဘဲ၊ဖြစ်တာ တွေရဲ့သုညတသဘောကိုချည်း) ဆယ်မိနစ်၊ဆယ့်ငါးမိနစ်ခန့် မပြတ်သိသိနေပါများရင် (ဆယ်မိနစ်လောက်တစ်ဆက်တည်းသိဖို့ကို မပြတ်တရစပ်ညှိယူနေရမယ့်အချိန်က မနက်ကညနေ၊ ညနေကမနက် (သို့) ၇ရက်(သို့) ၇လ (သို့) ၇နှစ်ကြာကောင်း ကြာနိုင်ပါတယ်။) ရုပ်နာမ် သင်္ခါရတရားတွေရဲ့ဘာမှမဟုတ်တဲ့ သုညတအမှန်တရားတွေနဲ့ ဒါကိုသိနေတဲ့ဝိပဿနာဥာဏ်စဉ်အတွဲတွေ မျိုးဆက် ပြတ်ချုပ်သွားပြီးဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကင်းတဲ့ ပြုပြင်ဖန်တီး၊အစားထိုးနေရခြင်းကင်းတဲ့၊ မပြတ်တရစပ် လိုက်လိုက် သိနေရခြင်းကင်းတဲ့၊ ဘာသတ်မှတ်ချက်အပေါ်မှာမှမမှီခိုတဲ့ လွတ်မြောက်မှုချမ်းသာအစစ်ဖြစ်တဲ့ နိဗ္ဗာန်နဲ့နိဗ္ဗာန်ကို သိတဲ့စင်ကြယ်တဲ့စိတ် (ခန္ခ္ဓာငါးပါးစစ်စစ်) မဂ် ဥာဏ်၊ ဖိုလ်ဥာဏ်အတွဲတွေ(စက္ကန့်ပိုင်းအားဖြင့်) ပေါ်လာပါ လိမ့်မယ်။ နိဗ္ဗာန်ဆိုတဲ့ တစ်ခုတည်းသောခိုင်မြဲရာကို သိမြငရတော့မှလည်း ကိုယ့်ရဲ့ မသိစိတ်မှာ အစဉ်အမြဲ ကိန်းဝပ်နေတဲ့ ငါဆိုတဲ့ အထင်မှားနဲ့ဘုရား၊တရား၊ သံဃာရတနာအစစ်သုံးပါးရဲ့ အားကိုးရာအစစ် အဖြစ်တည်ရှိမှု၊ နေရာပေးထားရမှု အပေါ်မှာ ယုံမှားသံသယအမြစ်ပြတ်သေပြီး မဆုံးနိုင်တဲ့ အမှန်တရားရှာနေရတဲ့ဒုက္ခ၊ အားကိုးရှာနေရတဲ့ဒုက္ခ၊ ချမ်း သာရှာနေရတဲ့ဒုက္ခ၊ ဘုရားရွေး၊ ဘာသာတရားရွေး၊ ရိပ်သာရွေး၊ နည်းလမ်းရွေးနေရတဲ့ဒုက္ခတွေမှ လုံးဝလွတ်မြောက်သွားပါလိမ့်မယ်။ ကိုယ့်အလုပ် အမှားအမှန်ကိုဘာနဲ့မှတိုင်းတာမနေဘဲ ဆက်လက်အားထုတ်ခြင်း(မှန်မှန်ကန်ကန် ကျင့်လို့သိတဲ့အသိကို မှန်မှန်ကန်ကန် ဆက် လက်ကျင့်ကြံအားထုတ်ခြင်း) ဖြင့်သာ (အလုပ်ကို အလုပ်နဲ့သာ)ရှင်းပါ။ စာဖတ်သိကိုစာနဲ့ရှင်းရမှာပါ။ နားထောင်လို့သိတဲ့ အသိကိုသာအမေးနဲ့ရှင်းရမှာပါ။ နောက်တစ်ဆင့်တက်ဖို့ကလည်း ကိုယ့်စိတ်ထဲကမပယ်နိုင်သေးလို့ ကျန်နေ၊ပေါ်နေတာတွေစိတ် ကသိနေတာတွေကို အဲဒီစိတ်ရော အာရုံရောကိုပါ ဘာမှမဟုတ်ဘူးလို့ ယုံကြည်လက်ခံတဲ့စိတ်နဲ့ မပြတ်အစားထိုးဖို့၊ သော တာပတ္တိမဂ်က မပယ်နိုင်သေးလို့ကျန်နေသေးတဲ့ ပစ္စုပ္ပန်စိတ်ကိုဘာမှမဟုတ်ဘူးလို့သာ လက်ခံနိုင်အောင်(ဘာမှမဟုတ်မှန်းသိအောင်) အရင်ထက်ပိုအားကြီးတဲ့ သတိ၊ဝီရိယ၊ သမာဓိပညာအားနဲ့ အရင်နည်းအတိုင်းပြန်ကြိုးစားဖို့ပါပဲ။ ဒီလိုနဲ့ကိုယ့်ရဲ့နဂိုစိတ်နဲ့တကွ ကိုယ့်စိတ်အစဉ်မှာ တစ်ငါငါနဲ့သိ ထားသမျှတွေကို ဘာတစ်ခုမှမကျန်အောင်၊ နောက်ထပ်လုံးဝထပ်မံပေါ်မလာတော့အောင် အဆင့်ဆင့် တိုက်ဖျက်ပစ်နိုင်ပြီဆိုရင် တော့နောက်ဆုံးမှာ အဲဒီအင်အားအကြီးဆုံးအောင်ပွဲခံ အနတ္တစိတ်နဲ့သာ အမှီအခိုကင်းကင်း၊အပူကင်းကင်း(အဒေါသ)၊ အလို ကင်းကင်း(အလောဘ)၊ ငါဆိုတဲ့အထင်မှားကင်းကင်း(အမောဟ)၊ လိုလေသေးမရှိ၊ ချမ်းချမ်းသာသာ၊ ပြည့်ပြည့်စုံစုံ နေရုံပါပဲ။ ဘုရား၊ရဟန္တာဆိုတာ ကိုယ့်အတွက်ရှင်သန်ခြင်းမဟုတ်ဘဲ အများအတွက်(သစ်ပင်တစ်ပင်လို)အတ္တမဲ့ ရှင်သန်ခြင်းပါ။ဘယ်တော့မှမသေတဲ့ အသက်မဲ့၊ထာဝရရှင်သန်ခြင်း၊စင်ကြယ်တဲ့ စိတ်၊စေတသိက်၊ရုပ် သက်သက်ပါ။ အမှန်တရားကိုသိသူမရှိ၊ အရိယာပုဂ္ဂိုလ်၊ ရဟန္တာ ပုဂ္ဂိုလ်၊လူသားဘုရား၊ထာဝရဘုရားရယ်လို့မရှိခြင်းကို နားလည်သွားတဲ့ဥာဏ်ပါ။ ဖြစ်သမျှ၊သိသမျှ၊ပြု လုပ်သမျှဘာကိုမှမငြိတွယ် တဲ့မြင်ကာမတ္တ၊ကြားကာမတ္တ၊စားကာမတ္တ၊ပြောကာမတ္တ၊လုပ်ကာမတ္တဥာဏ် (စင်ကြယ်မှုသဘောသက်သက်)သာဖြစ်ပါတယ်။ ပုထုဇဉ်ဆိုတာ ဘာမှမဟုတ်တဲ့အနတ္တ အမှန်တရားကိုနားမလည်လို့ငါတွေ၊သူတွေ၊နေတွေ၊ လတွေ၊ကမ္ဘာတွေလို့ အထင်မှားနေတဲ့၊ကိုယ့်အထင်မှားနဲ့ကိုယ် ချစ်စရာ၊မုန်းစရာ၊သနားစရာ၊ကြောက်စရာ၊ အထင်ကြီးစရာ၊ အထင်သေးစရာ၊စားစရာ၊ ရွံစရာအဖြစ်လက်ခံသတ်မှတ်ငြိတွယ်နေတဲ့မစင် ကြယ်တဲ့စိတ်၊စေတသိက်၊ ရုပ်သဘောပရမတ်၊ပစ္စုပ္ပန်အမှန်မသိမှု၊ စွမ်းအင်သက်သက်လေးမျှသာ ရှိပါတယ်။ဂင်္ဂါဝါဠုသဲစုမက ဘုရားတွေတောင် ကျွတ်အောင်မချွတ်နိုင်တဲ့ သံသရာ့သစ်ငုတ်ပုထုဇဉ် ပုဂ္ဂိုလ်ငါမှငါကွလို့ကိုယ့်ကိုယ်ကို လက်မထောင် အရူးထစရာလည်း မရှိ ပါဘူး။

အရေးကြီးသော အချက်များ


(၁) အရာရာ တရားပါ။ သွားလာ၊ပြောဆို၊ လုပ်ကိုင်၊နေထိုင်၊စကားပြော၊စာဖတ်နေရင်းမှာပါ ဘာမှမဟုတ်မှန်းသိနေနိုင် အောင် ကြိုးစားခြင်းဖြင့် လုပ်နေရတဲ့အလုပ်အပေါ်မှာငါစွဲဖြုတ်ဖို့လိုပါတယ်။

(၂) လုပ်၊မလုပ်ဆိုတာထက် လုပ်ခြင်း၊မလုပ်ခြင်း နောက်မှာငါမပါဖို့သာ အရေးကြီးပါတယ်။ ဘာလုပ်တယ်၊မလုပ်တယ် ကအရေးမကြီးပါ။ လုပ်လုပ်မလုပ်လုပ်၊ ဘာမှမဟုတ်တာသိဖို့၊ လုပ်သူငါ၊မလုပ်သူငါမပါဖို့၊လုပ် လည်းစိတ်သက်သက်ကလုပ်တာ၊ မလုပ်လည်းစိတ်သက်သက်ကမလုပ်တာ သိဖို့ငါလုံးဝမပါတာသိဖို့သာ အရေးကြီးပါတယ်။

(၃) ပြုသူမရှိ၊ ဖြစ်သူမရှိ။ တရားရ၊ မရဆိုတာထက် ရလည်းငါရတာမဟုတ်၊ မှန်ကန်တဲ့မဂ္ဂင်အကြောင်း လုပ်လို့အကျိုးစစ်ဖြစ်တာ၊ မရလည်းငါမရတာမဟုတ် မှန်ကန်တဲ့အကြောင်းကို မလုပ်နိုင်လို့ အကျိုးစစ်မပေါ်တာ ဆိုတာနားလည်ဖို့လိုပါတယ်။ အဲဒီလိုနားလည်တာကိုကတရားပါ၊ အဲဒီလို နားမလည်တာကမတရားပါ။

(၄)တရား(လောကုတ္တရာ) ကို မတရား(လောကီ)နဲ့ တန်းတူမထားဖို့လိုပါတယ်။ တစ်ငါငါဆိုတဲ့အထင်မှားကြောင့် အရေးတကြီးလုပ်နေရတဲ့၊အစွဲနဲ့လုပ်နေရင် ဘယ်တော့မှမဆုံးတဲ့၊ မလုပ်တော့မှဆုံးတဲ့လောကီ ပညာရေး၊စီးပွားရေး၊ လူမှုရေး၊အိမ်ထောင်ရေး ကိစ္စတွေကို တကယ်မှန်မှန်ကန်ကန်လုပ်ရင် ရက်ပိုင်း(သို့) လပိုင်း(သို့) နှစ်ပိုင်းအတွင်း တကယ်ဆုံးတဲ့ တရားအလုပ်နဲ့ တန်းတူမထားဖို့လိုပါတယ်။ တရားတကယ် မလုပ်တတ်လို့ မတရားအလုပ်တွေ တစ်သံသရာလုံးလုပ်နေရတာပါ။ တရားတကယ်လုပ်တတ်ရင်မတရားလုပ်နေစရာ မလိုတော့ပါဘူး။ ငတ်လို့ရှာတာ မငတ်ရင်ရှာစရာမလိုတော့ဘူး။၊ မပြည့်လို့လိုတာ၊ ပြည့်နေရင်ဘာမှမလိုတော့ဘူး။ တရားသိ(ရ)ရင် အငတ်ပျောက်တယ်၊ ဘာမှမဟုတ်တာသိလို့လည်း အလိုကင်း၊ဘာဆိုဘာမှလိုလေသေးမရှိအောင်ပြီးပြည့်စုံသွားတယ်။ သစ္စာလေးပါး ပရမတ်အမှန်တရားကို သိလို့လည်းစိတ်မှာ ကိလေသာအမှားကင်းသွားတယ်။ ပူစရာဘာမှမရှိတာသိလို့လည်းအပူကင်း သွားတယ်။

(၅)ငါမရှိတဲ့အမှန်တရားကိုလက်ခံဖို့ ကြိုးစားရမယ့်အစား ငါကဘာဖြစ်တယ်ဆိုပြီး တစ်ငါငါနဲ့ ဆင်ခြေပေးနေချင်တဲ့၊ နောက်ဆုတ်အရှုံးပေးနေချင်တဲ့၊ အချိန်ရွေ့နေချင်တဲ့၊ ပျင်းရိတဲ့ကိလေသာကို မသေသေအောင်သတ်တာ တရားအလုပ်ပါ။ စားပြီးရင်းစားချင်နေရင်၊ငတ်ပြီးရင်းငတ်ချင်နေရင်၊ လိုပြီးရင်းလိုချင်နေရင်၊ ဘယ်တော့မှအလိုမပြည့်ချင်ရင်၊မအားပြီးရင်း မအားချင်နေရင်၊ ကြောက်လို့မဝအောင် ကြောက်ချင်နေရင်၊ သေပြီးရင်း သေချင်နေရင်၊ ပူပြီးရင်းပူချင်နေရင်၊ ရူးပြီးရင်းရူးချင်နေရင်၊ ဘယ်တော့မှရူးလို့မဝချင်ရင်၊ အရူးဘဝကိုစွန့်ရဲတဲ့သတ္တိ မရှိရင်တော့ တစ်သံသရာလုံးလုပ်နေကျဖြစ်တဲ့ လောကီ (ပညာရေး၊ စီးပွားရေး၊အိမ်ထောင်ရေး၊လူမှုရေး၊နိုင်ငံရေး)အလုပ်တွေ ကိုသာဆက်လုပ်နေလိုက်တော့။

(၆) တရားက စင်ကြယ်တဲ့စိတ်နဲ့မှ ရှင်းရှင်းလင်းလင်းသိနားလည်နိုင်မယ့်တရားပါ။ ငါဆိုတဲ့အထင်မှား မစင်ကြယ်တဲ့စိတ်နဲ့ ဟိုဝေဖန်၊ဒီဝေဖန်၊ဟိုလိုထင် ဒီလိုထင်နဲ့ အမျိုးမျိုးထင်မြင်ယူဆနေရမယ့်တရား မဟုတ်ပါဘူး။ တစ်ခုခု၊တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊တစ်နေရာရာ ရှိတယ်ထင်ပြီးကိုယ့်အထင်မှားနဲ့ ကိုယ်တစ်ငါငါနဲ့ ငြိတွယ်နေတာအဝိဇ္ဇာပါ။ တစ်ခုခု၊တစ်ယောက်ယောက်၊ တစ်ချိန်ချိန်၊တစ်နေရာရာ မဟုတ်တာသိနေတဲ့အတွက် ငါဆိုတဲ့အထင်မှားမရှိတာ ဝိဇ္ဇာပါ။

(၇)တရားက လူတွေအားလုံးကို ဘာမှလုပ်ချင်စိတ်မရှိတော့အောင်ပြုလုပ်တဲ့ အလုပ်မဟုတ်ပါ။ လုပ်နေချင်နေတဲ့ သမုဒယသစ္စာနဲ့ လုပ်နေရတဲ့ဒုက္ခသစ္စာရဲ့ဒုက္ခတွေကိုသိပြီးလုပ်ချင်စိတ်လုံးဝမပေါ်တဲ့အတွက် ဘာမှလည်းလုပ်မနေရဘဲ အလကား နေရင်းထိုင်ရင်း အလိုကင်းနေ၊ ပြီးပြည့်စုံနေတဲ့ ချမ်းသာမျိုးပါ။ သမုဒယနဲ့ဒုက္ခဝဋ်သစ္စာ နှစ်ပါး(အဆုံးအစမရှိတဲ့ ဝဋ်သံသရာ) ဆိုတာစားချင်စိတ်နဲ့စားနေလို့ စားနေရတဲ့ဒုက္ခကိုမသိတာ။ ချက်ပြုတ်ချင်စိတ်နဲ့ချက်ပြုတ်နေလို့ ချက်ပြုတ်နေရတဲ့ဒုက္ခကိုမသိတာ။ တွေးစားချင်စိတ်နဲ့တွေးနေလို့ တွေးနေရတဲ့ဒုက္ခကိုမသိတာ။ ပူဆွေးချင်စိတ်နဲ့ပူဆွေးနေ လို့ပူဆွေးနေရတဲ့ဒုက္ခကို မသိတာ။ သိချင်စိတ်နဲ့သိနေလို့ သိနေရတဲ့ဒုက္ခကိုမသိတာ။ ပြောချင်စိတ်နဲ့ပြောနေလို့ ပြောနေရတဲ့ဒုက္ခကိုမသိတာ။ အလကား နေချင်စိတ်နဲ့အလ ကားနေနေလို့အလကားနေနေရတဲ့ဒုက္ခကိုမသိတာ။ လုပ်ချင်စိတ်နဲ့လုပ်နေလို့ လုပ်နေရတဲ့ဒုက္ခကိုမသိတာ။ စာဖတ်ချင်စိတ်နဲ့စာဖတ်နေလို့ စာဖတ်နေရတဲ့ဒုက္ခကိုမသိတာ။ ရှူချင်၊ရှိုက်စိတ်နဲ့ရှူနေ ရှိုက်နေလို့ ရှူနေရှိုက် နေရတဲ့ဒုက္ခကိုမသိတာ။ ကိုယ့်ကိုကိုယ်လူသားတစ်ယောက် ဆိုတဲ့အထင်မှားနဲ့သိနေတဲ့ ဆရာဝန်ဖြစ်၊အင်ဂျင်နီယာ ဖြစ်သလိုမျိုးလူဖြစ်၊တိရစ္ဆာန်ဖြစ်၊နတ်ဖြစ်၊ဗြဟ္မာဖြစ်၊ အမျိုးမျိုးဖြစ်နေတာသံသရာ အစစ်မဟုတ်ပါဘူး။

(၈) အချိန်ဆိုတာ တကယ်ရှိတာမဟုတ်။ တစ်စက္ကန့်ချင်း ဘာမှမဟုတ်တာကို သိနေဖို့လိုပါတယ်။ တစ်ချိန်မှာတစ်စက္ကန့်ပဲ ရှိတာပါ။အချိန်ဆိုတာ တစ်ချိန်ချိန်အနေနဲ့ ရှိနေတာမဟုတ်ဘဲ မပြတ်တရစပ် ချုပ်ပျောက်ကုန်ဆုံးနေခြင်းပဲတကယ်ရှိတာပါ။ တစ်စက္ကန့်၊ တစ်မိနစ်၊တစ်နာရီ၊ တစ်ရက်၊တစ်လ၊တစ်နှစ်၊ တစ်ဘဝ၊တစ်ကမ္ဘာ၊ အဆုံး၊အစမရှိတဲ့သံသရာဆိုတာ တကယ်ရှိနေတာ မဟုတ်ဘဲ ကိုယ်အရှိလို့ လက်ခံထားလို့သာရှိနေတာပါ။

(၉)တရားနဲ့ရောဂါ တရားအားထုတ်လို့ရောဂါတွေများလာတာမဟုတ်ပါ။ နဂိုကရှိနေတဲ့ရောဂါတွေကို ကိုယ့်လောဘ၊ဒေါသ၊ မောဟတွေအားကြီးနေလို့ ရှိမှန်းမသိတာကို တရားအားထုတ်မှ စိတ်စင်ကြယ်လာပြီး ရောဂါရှိတာကို ရှိမှန်းသိလာတာပါ။

(၁ဝ)တရားအလုပ်က လူတွေအားလုံးကို ယောဂီ၊ ဘုန်းကြီး၊သီလရှင်တွေ ဖြစ်အောင်လုပ်တဲ့ အလုပ်မဟုတ်ပါ။ လူမရှိတာသိအောင် လုပ်ရတဲ့အလုပ်ပါ။ တစ်ငါငါနဲ့သိနေတဲ့ လူသားဘုရား၊ လူ့လောကထဲကဗုဒ္ဓဘာသာတရား၊ မိုးကုတ်တရား၊သဲအင်းတရား၊ မိုးကုတ်ဆရာတော်၊ သဲအင်းဆရာတော်ဆိုတဲ့ လူ့လောကထဲကသံဃာတော်တွေဆိုတာလည်း တကယ်မရှိတာသိပြီး ဒီလိုပညတ်နဲ့ ပရမတ်ကို ကွဲကွဲပြားပြားနားလည်တဲ့ ဥာဏ်၊လူပုဂ္ဂိုလ်မဟုတ်တဲ့ ကိုယ့်နှလုံးသားထဲက ပရမတ်ဘုရားအစစ်၊ပရမတ်တရားအစစ်၊ ပရမတ်သံဃာအစစ်ကို ပူဇော်အားကိုးတတ်လာစေဖို့ပါ။

ဦးဥတ္တမသာရ

အားလုံးပဲ တရားတွေ့၍ မွေ့လျော်နိုင်ကြပါစေ...။
ဒေါက်တာခိုင်မျိုး
Posted by Dr Khaing Myo